Friday, November 15, 2013

ကြပ်ကြပ် မျှော်လင့်

ကြပ်ကြပ် မျှော်လင့်


ကြပ်လာပြီ ...
အချိန်တွေကြပ်လာပြီ ... ကားတွေကြပ်လာပြီ
ရပ်တည်မှုတွေကြပ်လာပြီ ... အပေါ်ကိုမော့ကြည့်တိုင်း
ကောင်းကင်ကြီးက ချောင်သလို လည်သလိုဘဲ
စားဖို့ ၊ ၀တ်ဖို့ ၊ နေဖို့ အရေးသုံးပါးနဲ့
ကြပ်လာတယ် ...
မျှော်လင့်ချက်တွေ ကြပ်လာတယ် အလိုမကျမှုတွေ ကြပ်လာတယ်
တန်ဖိုးနည်းတွေ ကြပ်လာတယ် ...
လုပ်အားတွေ ပန်းလာတယ်
သူတို့ဟာ နိမ့်ရာမှမြင့်ရာကို ကူးတက်နေရ
သူတို့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပေးအပ်နေရ
သူတို့ဟာ ကိုယ်ပိုင်ရပိုင်ခွင့်တွေ လွှတ်ချနေရ
ကြပ်နေရင်းနဲ့ကို ကူးနေရင်းနဲ့ကို ပေးနေရင်းနဲ့ကို
မကြာခဏ အာခေါင်လှံထိုးခံနေရ ....
တန်ဖိုးနည်းထုတ်ကုန်ကို မျှော်လင့်နေရသော
တန်ဖိုးနည်းကုန်ထမ်းသမား ... တန်ဖိုးနည်းပညာသည်(သယ်)
တန်ဖိုးနည်းအပ်ချုပ်သမ ... တန်ဖိုးနည်း ကဗျာဆရာ ...
နည်းပညာတွေနဲ့ ကြပ်လာတယ် ... နည်းဥပဒေတွေနဲ့ ကြပ်လာတယ်
အိမ်ငှားခများနဲ့ ကြပ်လာတယ် ... နေ့သွင်းအတိုးများနဲ့ကြပ်လာတယ်
မျှော်လင့်ချက်များနဲ့ ကြပ်လာတယ် ... ဖြစ်ချင်စိတ်များနဲ့ကြပ်လာတယ်
မကြာမကြာ ကြပ်ပြီး ... မကြာမကြာမြတ်သူများလည်းရှိသလို
မတော်တဆကြပ်ပြီး ... မတန်တဆ ကြပ်သွားသူများလည်းရှိတယ်
မျှော်လင့်ချက်တွေနဲ့ ကြပ်ကြပ်နေရတာကိုက
ဒီမိုကရေစီ ကြပ်ကြပ်ကြီး ရဲ့ အရသာ ။


မောင်အောင်ပြည့်
၂.၂.၂၀၁၃

No comments:

Post a Comment