ကြားချင်မိသော ...
September 21, 2012 at 8:38pm
ကျွန်တော့်ရင် အထက်ပိုင်းမှာ မီးခိုးတွေ အူနေတယ် …ရင်ထဲ က မြစ်ကတော့ ကျဉ်းနေဆဲပါ …
စိတ်သွားတိုင်း ကိုယ်မပါ မိမှတော့
ဒါ ကျွန်တော့် အပြစ်ပါ အမေ။
ကျွန်တော့်လက်ထဲက လက်နက်တွေ လေးလွန်းပါတယ်အမေ
ကျွန်တော်တို့ ဘဏ္ဍာငွေရဲ့  ရာခိုင်နှုန်းခပ်များများဟာ
သွေးချင်းတွေမျက်ရည်ကျဖို့အတွက်တဲ့လား ?
ကျွန်တော့် အပြစ်ပါအမေ -- ကျွန်တော့် အပြစ်ပါ။
ကျွန်တော်တို့ မောင်နှမတွေကို ခိုးကိုးရာမဲ့သွားစေတာ …
သူတို့ ကျွန်တော်တို့လွတ်မြောက်ရေးတဲ့လား …? ။
အမေ့ရင်ဘတ်ကို စေ့နေတာဟာ သူတို့ရဲ့  သွေးတွေနဲ့လား ….?
ကျွန်တော့် အပြစ်ပါ အမေ။
ဗလာစာအုပ်လေးတွေပါးမိစေခဲ့တာ…
ကျွန်တော်လုပ်နေတဲ့ ငြိမ်းချမ်းရေးငှက်ရုပ်တွေကြောင့်လား ….?
ငြိမ်းချမ်းရေးလို့သံကုန်ခြစ်အော်လိုက်မိတိုင်း... နာနာသွားတဲ့ လည်ချောင်းလိုမျိုး …
အမေ့ရင် ငြိမ်းချမ်းဖို့ဆိုလိုက်တိုင်း
အပြစ်မဲ့တဲ့ အလောင်းတွေပဲ ပြေးပြေးမြင်တာ …
ကျွန်တော့်အပြစ်ပါ အမေ။
သားတို့ သူတို့ဆီက ကျွန်းသစ်တွေယူပြီးပြီ -- သူတို့ဆီက ကျောက်စိမ်းတွေယူပြီးပြီ --
သူတို့ကိုတော့ အော်သံတွေပေးလိုက် ..မျက်ရည်တွေပေးလိုက်နဲ့ …
ဒါငြိမ်းချမ်းရေးအတွက်လို့ နှစ်သိမ့်နေမိတာလည်း …
ကျွန်တော့် အပြစ်ပါ အမေ …
ဒိုင်းခနဲ …ဗြောက်အိုးဖောက်သံကြားမိတိုင်း …
ဂျင်းဖောတွေရဲ့  မျက်လုံးတွေကို သတိရတယ်အမေ။
ကျွန်တော် ငြင်းဆန်ချင်တဲ့ ဟင်းတစ်ခွက်မြင်တိုင်း …
ဂျင်းဖောတွေရဲ့  ဆာလောင်သံတွေကြားရတယ် အမေ ။
စိန်ပြေးတမ်းကစားနေတဲ့ ကလေးတွေတွေ့တိုင်း
သူတို့ရော ဘယ်တွေပြေးနေရပြီလဲလို့တွေးမိတယ် အမေ။
ငြိမ်းချမ်းရေးဟာ …ဖယောင်းတိုင်မီးလို
ဖယောင်းလေးတွေ အရည်ပျော်မှ အလင်းရမှာမျိုးလား …
ငြိမ်းချမ်းမှုအတွက် … ငြိမ်းချမ်းမှုတွေရင်းနှီးနေတာ ခံစားရခက်လို့ပါ အမေ…
အားလုံးဟာ ကျွန်တော့် အပြစ်တွေပါ။
ဒီလိုနှစ်ဘက်လုံးက ပြော ဆို လာ ခဲ့ မယ် ဆို ရင် ။ ။
အောင်ပြည့် (သ မု တိ)
International Day of Peace.
No comments:
Post a Comment