ထင်ရှားသည့်အမှတ်အသား
လက်ဖ၀ါးထဲမှာ အရေးကြောင်းလေးတွေရှိတယ်
အရေးကြောင်းလေးတွေမှာ ကိုယ်စားပြုသင်္ကေတတွေရှိတယ်
အီဂျစ်ကျောက်ဆောင်တွေ ပြိုကျတုန်းက
အရေးကြောင်းလေးက ပြုံးပြတယ်
သူဟာသတင်းမကြိုက်ဘူး
မီးခိုးတွေအူနေတဲ့မြို့တော်ကနေ
ထွက်လာတုန်းက
အရေးကြောင်းလေးတစ်ရှုးစလေးဆုပ်ကိုင်ထားတယ်
သူ့မှာပေကျံစရာမရှိတော့ဘူး
လက်ဖ၀ါးကို ဓါးရှတော့ အရေးကြောင်းလေး
ပုံစံပြောင်းသွားတယ်
တဖြည်းဖြည်း ...
ထင်ရှားနေတာ သိပ်မရှိတော့ဘူး မှိန်လာတယ်
သတိရတိုင်း အရေးကြောင်းလေးကို ဆွဲဆွဲပေးတယ်
သတိမရတဲ့အချိန်ဆို နားတွေပိတ်ထားလိုက်တယ်
ကံတူရင်အကျိုးပေးတယ်
ကံမတူတဲ့နေ့က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သွားတယ်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဆိုတာအရေးကြောင်းနဲ့မပတ်သက်ဘူး
၇ရက် ၇လ ၇နှစ်အတွင်း အကျိုးပေးမယ်တဲ့
အရေးကြောင်းက နာရီတွေကို ရိုက်ခွဲပစ်လိုက်တယ်
ဆန့်ကျင်ဘက်အရပ်မှာ မီးတွေလောင်နေတယ်
စိတ်ကူးယဉ်မှုဟာ တရားခံပဲ
အရေးကြောင်း ခရီးထွက်သွားတယ်
ဗေဒင်ဆရာကတော့ ပြောတယ်
ဒါ … ကျွန်း တဲ့
မဟုတ်ဘူး
ဒါ ဟေတုပစ္စယော
ဟုတ်ပါတယ် အရေးကြောင်းနေတဲ့ကျွန်းက
ဖုန်မှုန့်နည်းပါးတယ်
လက်ဆွဲနှုတ်ဆက်တုန်းက မွှေးနေတဲ့လက်တွေ
လက်တွဲထားမိတုန်းက ပေနေတဲ့ဖုန်တွေ
ချွေးတွေ အမွှေးနံ့တွေကို ဖုန်တွေနဲ့ သုတ်ပစ်လိုက်တယ်
ယာဘက်လက်ဖ၀ါးပေါ်ကနေ ဘယ်ဘက် လက်ဖမိုးပေါ်ထိ
အရေးကြောင်းကို တစ်ဆက်တည်းဖြစ်ချင်နေတာ
ခုအရေးကြောင်းကို အရေးအကြောင်းတွေပြောတော့
အရေးကြောင်းမယုံကြည်ဘူး
အရေးကြောင်းကို ရောဂါတစ်ခုတပ်ပေးမိတယ်
ပြောရှာပါတယ် အလွန်ဆုံး ၆ လပေါ့
သွေးသားမပြောင်းလဲအောင် လက်ကိုပဲ ဖြတ်ချပစ်လိုက်ရမလား
ပြတ်ကျနေတဲ့ ခြေထောက်တွေကိုပဲ ကားလုပ်စီးလိုက်ရမလား
ကိုယ့်နာကျင်မှုကို ကိုယ်ပဲသိတယ်
ခု အရေးကြောင်းပုံစံသစ်တစ်ခုကို
အရင်အရေးကြောင်းပေါ် ဖိဖိဆွဲနေတာကို
ငါနားလည်ဖို့ပဲလိုတာ
မောင်အောင်ပြည့်
22.10.13
No comments:
Post a Comment