ထုံးစံအတိုင်း ခြေသံလုံလုံနှင့်
မြင်မြင်သမျှ အမှိုက်သရိုက်တွေ ကြွက်တွေကျက်စား ခြင်တွေခိုအောင်းနေတယ်
ဗီဒိုပေါ်က အစွန်းထွက်နေတဲ့ စစ်ပွဲများအကြောင်းပါမျက်နှာဖုံးနှင့်ဂျာနယ်ကိုဖိထားသော
ခွက်ပြုတ်ကျကွဲသွားတယ် အတွင်းခန်းတစ်ခုကိုခြေသံလုံလုံနှင့်စောင့်ကန်ဖွင့်လိုက်တယ်
နံရံတွင်ချိတ်ထားသောဓါးပြုတ်ကျလာတယ် ဓါးအိမ်တန်းလန်းချိတ်လျက်ကျန်ခဲ့တယ်
ဖုန်တွေကပ်နေသော ခန်းစီးလိုက်ကာကိုဖယ်ကာ ခြေသံလုံလုံနှင့်
ဖုံအလိမ်းလိမ်းကပ်နေသောကြမ်းပြင်ပေါ် ခြေရာမထင်စေရန် အသင့်ပါလာသောခြေအိတ်ကို
ကြမ်းခင်းပေါ်ထိုင်ပြီးဝတ်လိုက်တယ် ဖုန်ရာများဘောင်းဘီတွင်ကပ်ပါလာသည်ကိုသတိမပြုမိ
ခြေသံလုံလုံနှင့် နံရံတွင်ကပ်ထားသောစာကိုသတိပြုမိ
" အလုံပိတ်အခန်းတွင် လုံနေသည့်အရာသည် ခြေသံသာဖြစ်သည် "
ခြေဖျားကိုယခင်ကထက် ပိုထောက်မိသွား
ပင့်ကူအိမ် နှစ်အိမ် ပင့်ကူအထီးနှစ်ကောင် နှင့် အိမ်မြောင်သုံးကောင် နံရံပေါ်
ပြေးတက်သွားပြီး ပြန်ဆင်းလာသည် စားပွဲခုံပေါ်ရှိ လှောင်အိမ်ထဲကငှက်
တစ်နေရာတွင် ရှိနေဦးမည်ဟု ကိုယ့်ကိုယ်ကိုယ်သတိပေး
ကွာနေသောနံရံဆေးသားများနောက်တွင် ရှေးဟောင်းပန်းချီလက်ရာတစ်ပိုင်းတစပေါ်နေ
ခြေအိပ်နှင့်ခြေဖျားထောက်ရခြင်းကို ခြေသံပိုလုံသည်ဟု ခံစားလာရ
ဆိုးဝါးသောအနံ့အသက်ရသောနေရာတွင် ရုပ်ပွားတော်တစ်ခုနှင့်ငှက်သေတစ်ကောင်တွေ့
ရုပ်ပွားတော်ကို ငှက်သေနှင့်ဝေးရာသို့သယ်လာချိန်တွင် ရုပ်ပွားတော်သည်
ရုပ်ပွားတော် မဟုတ်မှန်းသိလာ လွန်ခဲ့သောနှစ်များစွာက ရုပ်ကြွင်းဖြစ်မည်ဟုထင်လာတယ်
ရုတ်တရက် ဖုန်းမြည်သံကြားလိုက်ရတယ် အဆက်မပြတ် နီးနီးကပ်ကပ်
အဖုံးပြုတ်ပြီးမွစာလိုက်နေသော လမ်းညွှန်စာအုပ် ဘေးတွင်ဖုန်းကိုတွေ့လိုက်ရတယ်
အဆက်မပြတ်မြည်သံကြောင့် တစ်ဦးဦးမသိခင် အရင်ကောက်ကိုင်လိုက်တယ်
လူကြီးမင်းငွေလက်ကျန်မှာ ယခုဖုန်းခေါ်ဆိုမှုအတွက်မလုံလောက်တော့ပါဟု ပြောပြီးချသွား
မီးခံသေတ္တာကိုမတွေ့သေး ခြေသံလုံလုံနှင့် စားပွဲဝိုင်းကြီးကိုပတ်ကြည့်နေ
အင်ဒီယာနာဂျုံးလို စားပွဲအောက်က အံဝှက်ထဲကစာကို ဓါတ်ပုံနှစ်ခါရိုက်ယူထားလိုက်တယ်
ခြေသံလုံလုံနှင့် မီးသတ်ကားများ၊ရဲကားများ အသံပေးလာသည်ကို ကြားလိုက်ရ
အလျင်အမြန် လှေကားပေါ်တက်မည်ဆိုပါက ၈မိနစ်ခန့်ကြာဦးမည်ဟုတွက်ချက်
ထုံးစံအတိုင်း သတ္တုရှာစက်ထုတ်ကာ နေရာအနှံ့လိုက်စမ်း နေရာအနှံ့မှ အသံတွေဆူညံလာ
လက်ကျန် ၄ မိနစ်တွင် မီးခံသေတ္တာကိုတွေ့ရှိလိုက်ပြီး မီးခံသေတ္တာသည် သစ်သားနှင့်လုပ်ထား
သည်ကိုထုံးစံအတိုင်းအံ့သြစွာတွေ့ရှိရတယ်
ရဲများရောက်ရှိလာချိန်တွင် ထုံးစံအတိုင်း ကြမ်းပြင်ပေါ်က ဘောင်းဘီရာ
ထုံးစံအတိုင်း ခွက်အကွဲတစ်လုံး နှင့် ထုံးစံအတိုင်းပြုတ်ကျနေသော ဓါးကိုတွေ့ရှိ
ထုံးစံအတိုင်း ခြေရာကို ခြေရာခံလို့မရသေး။
မောင်အောင်ပြည့်
13.11.2013
No comments:
Post a Comment