Friday, November 15, 2013

နံနက်ခင်းကို နှိုးနေတဲ့ည

နံနက်ခင်းကို နှိုးနေတဲ့ည


အဖြစ် ဆိုတာ အပျက်နဲ့ တွဲလို့မကောင်းဘူး ---
ခေတ်ဆိုတာ စနစ်တစ်ခုနဲ့ လောင်းမှ သန်တဲ့အပင် ---
ဘာအပင်ကို ဘာစနစ်နဲ့ပျိုးထောင်နေတာလဲ --
ကြည့်လိုက်စမ်း ငါတို့သမိုင်းရဲ့ ခမ်းနားမှုတွေကို --

မျိုးရိုးကို တွက်စစ်ဖို့ တို့တွေမှာ
သမိုင်းကျောက်စာတွေပြန်လှန်ဖို့မလို
ကမ္ဘာကို လက်ခမောင်းခတ် လို့ ဆိုချင်ဆိုပေါ့  ...                                                               
ခိုင်မာနေတဲ့ ဇာတ်ကြောင်းပြောလိုသူတွေက
ကပ်ဘေးဆိုက်နေသူတွေလို အလုအယက်ပြောလိုနေကြ ...
ဒါပေမဲ့ ငါတို့ ဆိုက်ဘေးရီးယား ညမှာတော့ ခပ်မဆိတ်နေပေးခဲ့ကြတယ် ---

မင်းတို့ လက်ခံထားတဲ့ Shuffle ယဉ်ကျေးမှုတွေနဲ့ ငါတို့ အနာဂတ်ကိုပုံဖော်ထုဆစ်လို့ မရသလို ---
ကလပ် ထဲက ဘာသာ စကားတွေနဲ့လည်း ယဉ်ကျေးမှုတွေကို တိမ်ကောလိုက်လို့လဲမရဘူး ----
ဟန်ဆောင် ထုဆစ်ထားတဲ့ အထိမ်းအမှတ် တစ်ခုကို တလေးတစား ဦးညွတ်နေရမဲ့အတူတူ ----
အညှီအဟောက်တွေထဲက ထုံသင်းလာမဲ့ အဆင်းတွေကို ပုံဖော်မယ် ----

ကြယ်သီးတပ်လို့ မရတဲ့ အင်္ကျီတွေဝတ်ပြီး ---
ကမ္ဘာပေါ် ရင်ကော့ လမ်းလျှောက်နေလို့ကတော့ ----
တနင့်တပိုး စားသုံးထားတဲ့ အတ္တ ခန္တာ က မလုံမလဲ ---
ရှက်သွေးတွေ ဖြာနေရော့မယ် ---

မျိုးစိတ်တစ်ခုရဲ့ လတ်ဆတ်မှုတွေ အကျဉ်းချခံလိုက်ရမှတော့
အနာဂတ်တွေ မျက်လုံးကန်းနေတာ အပြစ်မဆိုသာပါဘူး ---
အံကိုတင်းတင်းစေ့ပြီး ပြောလိုက်ချင်ရဲ့
ပလက်ဖောင်းပေါ်က ရနေတဲ့ သွေးနံ့ တွေက ---
မင်းတို့ ရူးမူးနေတဲ့ World Of Warcraft ထဲက Hero တွေရဲ့ သွေးနံ့မဟုတ်ဘူး ---
ရင်းလိုက်တဲ့ အသက်တွေ က DOTA ထဲက Hero တွေ သေသလို စက္ကန့်လေး စောင့်ပြီး ပြန်ရှင်လာမှာ မဟုတ်ဘူး ---

ထားပါ ရှိစေ --
လတ်ဆတ်မှုတွေ အကျဉ်းချခံလိုက်ရမှ တော့
အနာဂတ်တွေ မျက်လုံးကန်းနေတာ အပြစ်မဆိုသာပါဘူး ---

ကြည့်စမ်း ညနေခင်းတွေ ဘယ်လောက်လတ်ဆတ်နေလိုက်သလဲ --
ကြည့်စမ်း ညနက်နက်တွေ ဘယ်လောက် တက်ကြွနေလိုက်သလဲ --
အနှီ နံနက်ခင်းကမှ ဘာလို့ ပျင်းရိပျင်းတွဲ နဲ့လဲ ဗျာ --

လာပါနံနက်ခင်း လက်တွေကိုတွဲ မျက်ကြည်လွှာတွေ အစားထိုးပေးမယ် ---
နေပူပူ မိုးရွာရွာ မင်းကအမြဲ ခမ်းနားနေရမှာ ---

အောင်ပြည့် (ယာယီ)

No comments:

Post a Comment