ကလပ်ထဲမှာ
July 16, 2013 at 1:32pm
ဒါရပ်ကွက်ရဲ့ဖျော်ဖြေရေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ခြင်း
ရိုးပါတယ် ... ဒီမှာတော့ LV > Gucci > ဟာ China ပဲ ၊ Hoody လေးတွေကတော့ ဘာရယ်မဟုတ်ဘူး
ကြည့်ကောင်းသလို ၊ အရုပ်ခပ်များများပါတဲ့ ဘောင်းဘီတို နဲ့ Sexy And I Know It ...
မီးရောင်တွေ ... မီးရောင်တွေ 2013 ကိုလိမ်းပေးထားတဲ့ မိတ်ကပ်တွေ ။ အညာသူဟာ စီးကရက်လေးခဲလို့
မီးရောင်ဟာ အမာရွတ်ကို ကုစားသွားတယ် ။ မီးရောင်ဟာ အညာသူကို ဆွဲခေါ်သွားတယ် ။
ခါးတစ်ချက်လှုပ် ၊ ရင်တစ်ချက်ပင့်တင် ၊ ဒူးနည်းနည်းကွေး ၊ ခေါင်းနည်းနည်းစောင်း Beat နဲ့အညီလေး ၊
ကိုယ်ရံတော်ဟာ လက်သီးတွေထိုး ၊ လည်မျိုတွေနင်းပြီး ၊ အညာသူမကို ဈေးတင်ပေးနေတယ် ။
" ကောင်မလေးကို လွှတ်လိုက် ၊ ကောင်မလေးကို လွှတ်လိုက် " ၊ မီးခိုးတွေ ... မီး ခိုး တွေ
မျက်ရည်ယိုဗုံးဟာ Dancing Floor ပေါ် မကွဲခင် ၊ သာကေတ က အဆောင်မှာတည်းက ကွဲလာခဲ့ပြီးသား ။
DJ စင်ပေါ်က ပစ်လိုက်တဲ့ သေနတ်သံနှစ်ချက်ဟာ အနားက ယောင်လည်လည်လုပ်နေတဲ့
ကောင်လေးနှစ်ယောက်ကို မှန်သွားတယ်။
ယစ်သွေးကြွတစ်ယောက်က " All Woman Are Same Into The Dark Room " ဆိုပဲ ...
အိမ်ကမိန်းမဗိုက်ခေါက်ထူတာထည့်ပြောမသွားဘူး ။
ရာဂတွေ Dancing Floor ပေါ်ပြန့်ကျဲ ၊ အညာသူမလည်း ဘီယာခွက်တွေထဲ မှောက်လဲ ။
Ok !!! Everybody Push Your Fucking Hands Up. Everybody ဆိုသူတွေဟာ
လက်မြှောက်ရတာ သဘောကျပုံရတယ်။
လက်တွေမြှောက် ... လက်တွေမြှောက် ၊ ဘ၀ကိုလည်း လက်တွေမြှောက် ၊ အနာဂတ်ကိုလည်း လက်တွေမြှောက် ။
သူတို့ အရည်သွေးဟာ သားလျှောသလို ၊ လက်တွေမြှောက်နေတာ ဆန္ဒဖော်ထုတ်နေတာ ၊ ပုဒ်မ မတပ်ပဲ နှိမ်နင်းခံထားရ ၊
မီးသတ်ကားမလိုပဲ လူစုကွဲသွားကြ ၊ မီးခိုးတွေထဲ လက်တွေမြှောက်လိုက်ကြ ၊ မီးရောင်တွေထဲ လက်တွေမြှောက်လိုက်ကြ ၊
ဘ၀ထဲက မှိုင်းတွေထဲမျက်လုံးတွေစပ်နေကြ ၊ နေ့နဲ့ညကိုမှားပြီး ဘော်ဒီတွေတိုက်သွားကြ ၊
ပြန်အမ်းငွေ ဖြစ်မလာတဲ့ထောင်တန် တစ်ရွက်လို ၊
မျက်မှန်ကိုင်းကြီးပဲ တပ်ထားတဲ့ အတိုမလေးတွေဟာ ကလပ်ရဲ့ ဂုဏ်ဆောင် ။
စာအုပ်ထဲက ယဉ်ကျေးမှုဆိုတာ ပါးစပ်ဖျားက တော်လှန်ရေးပဲ ။
အညာသူမဟာ ဈေးခေါင်းကွဲချိန်မှာ လက်နှစ်ချောင်းပဲ ထောင်ပြနိုင်တော့တယ်။
ကလပ်ထဲမှာ မီးခိုးတွေ ၊ မှိုင်းတွေ ၊ လက်မြှောက်နေတဲ့သူတွေ ၊ မနက်ခင်းကို ခွာခွာကြည့်နေတာ
သူတို့ရဲ့ Waiting for tonight ဟာ ၀င်ကြေး ၃ ထောင်သာလျင် ဖြစ်တယ်။
ကလပ်ထဲမှာ ပိုးကိုက်ခံရတဲ့သစ်သီး တစ်ချို့ နဲ့ ဒိတ်လွန် ပုလင်းတစ်လုံးဖောက်မြည်းနေတာ ။
ကလပ်ထဲမှာ ဒုက္ခကို ကြမ်းခင်းပေါ် ချနင်းပြီး အလင်းကိုလက်တို့နေတာ ။
ကလပ်ထဲမှာ Disco Light ကိုအမှောင်နဲ့ ခင်းကျင်းပြသသွားတာ ။
ကလပ်ထဲမှာ All People Are Same Into The Dark Space ဖြစ်သွားတာ ။
ကလပ်ထဲမှာ ကံကိုချိုးပြီး ဘ၀ကို မီးလှုံနေတာ။
မောင်အောင်ပြည့်

No comments:
Post a Comment