Friday, November 15, 2013

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်


စကားလုံးတစ်ချို့  ပါးစပ်ဝမှာ လုံးထွေးနေတယ် ...သိပြီးသားဆိုပေမဲ့ပြောခွင့်မရှိတဲ့ အခြေအနေ--
ထိပ်တိုက်ပဲ တကယ့်ကိုထိပ်တိုက်ပဲ မတော်တဆတွေကတည့်တည့်ကြီးဝင်ဆောင့်လာတယ် ... ရင်ဘတ်ထဲဝင်ရိုးစွန်းကြီးရောက်လာတယ် ...
ဘ၀မှာ ဘာမှမရှိမှ အရာအားလုံးထပ်ရောက်လာပြန်ပြီ ... မျက်နှာကြီး မဖြီးနိုင်တော့ဘူး ... ရီစရာတွေ ထွက်မလာတော့ဘူး ...
ဘ၀မှာ ဘာတွေကို မျှော်လင့်ထားခဲ့ဖူးလဲ ??? ဘာတွေရရှိဖူးပြီလဲ ??? ဘယ်အရာတွေ တကယ်ဖြစ်လာခဲ့လို့လဲ ...ဘ၀က ခုထိဘာကြောင့်စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေရတာလဲ ???

“ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘူး ကျမပျော်ရွှင်ပြီးပြန်ချင်တယ်..ကျမမှန်တယ်ဆိုရင်ဘယ်သူမှ ဂရုမစိုက်တတ်ဘူး..ကျမ သူနဲ့ ပတ်သတ်ပြီးဘာမှမမှားခဲ့ဘူး... ”

ဘ၀ကရိုးသားဖို့ပဲလိုနေခဲ့တာ -- ကဗျာတွေမရိုးသားလာတော့ဘူး ။ ခံစားချက်တိုင်း ဖန်တီးခံနေရတယ်... တကယ်တော့ ရိုးသားဖို့ပဲလိုနေခဲ့တာ။ရိုးသားစွာနဲ့ပဲ ကျွန်တော်တို့ ရင်ဘတ်ချင်းနီးသလို ခံစားနေရတာပဲလေ ... ရိုးသားစွာနဲ့ပဲ ကျွန်တော်တို့ လျင်လျင်မြန်မြန် ရှာတွေ့ခဲ့ကြတာပဲလေ။

“ကျွန်တော် ခင်ဗျားနဲ့ စကားပြောရတာ အနာဂတ်ထဲ  လမ်းလျှောက်နေရသလိုပဲ..    ပျော်တယ်.....သတိလည်းထားရတယ်.... သတ္တိတွေလည်းရှိလာတယ်။ခင်ဗျားကို ကဗျာတွေ မရေးစေချင်တော့ဘူး ... ကဗျာကို ပျော်နေတဲ့အချိန်မှာရေးတတ်အောင် ကျွန်တော်သင်ပေးချင်တယ်။”

 ဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်မှာ အလိုက်အထိုက်ဖြစ်ဖို ...့ ပျော်ရွှင်ဖို့အတွက် ရိုးသားဖို့ပဲလိုမယ် ... ပျော်ရွှင်စွာနေထိုင်ခြင်းကအတတ်ပညာတစ်ခုလား...   ပျော်ရွှင်အောင်လုပ်ပေးရတာကလည်း နည်းပညာတစ်မျိုးပဲလား ...။ ဘ၀ကရိုးသားစွာပျော်နေရတာကလွဲလို့ ဘာမှ ပျော်စရာမရှိခဲ့ဘူး ။

“ကျမရှင့်ကြောင့်ပျော်ရပါတယ်ရှင်လို့ပြောမှ ရှင်ကသိမှာလားးးး ...အဲလိုဘယ်တော့မှ မပြောဘူး။”

အချစ်ကိုခံစားဖို့ကလွဲပြီး ဘာစံနှုန်းနဲ့မှ မတွက်ချက်တတ်ဘူး ... ခန္ဓာကိုယ်တစ်ခုလုံး ပိုက်စိတ်တိုက်ရှာကြည့်တော့ အချစ်ဆိုတာကို ရင်ဘတ်ရဲ့ အတွင်းဆုံးနံရံမှာပဲတွေ့ ရတယ်...
အချစ်ဆိုတဲ့စကားလုံးက ကန့်သတ်ခံထားရတယ် ... အချိန်ကကန့်သတ်တာလား ... ကျွန်တော်တို့ရဲ့ စိတ်တွေကပဲ ကန့်သတ်နေတာလား ... ကျွန်တော်တို့ တကယ်ကိုရိုးသားခဲ့ကြတာလား ...  “ကျွန်တော် ရင်တွေ ခုန်နေတယ် ဗျာ  ...၁၇ နှစ်သား လိုပဲ” ပါးစပ်ထဲမှာ ချစ်ခြင်းအသံတွေ အထွေးလိုက်တစ်ဆို့နေတယ် ... တစ်ခုခုအတွက် ကျွန်တော် လိပ်ပြာမလုံခဲ့တာလား ... ကျွန်တော်ရိုးသားဆဲပါ ..

.“နားထောင်ကောင်းတဲ့ စကားတွေကို ကျမချစ်သူက သံမှိုလိုရိုက်သွင်းထားခဲ့တယ်....ကျမ နားထောင်ကောင်းတာတွေကို မပျော်တော့ပါဘူး၊
ကျမ တခုခုဖြစ်နေသေးလို့ပါ”
နားလည်မှုဆိုတာကို နှစ်၂၀ လောက်သင်ယူခဲ့ပြီးပြီ ... ကျွန်တော်နားလည်ပါတယ် ... ကျွန်တော်စိတ်ဆိုးစရာမရှိပါဘူး။ ကျွန်တော်တို့ ရိုးသားခဲ့ကြတာပဲလေ ... ကျွန်တော် အချစ်ဆိုတာထက် ဘာကိုထပ်မျှော်လင့်နေရဦးမှာလဲ ... ဘာတွေကများ ကျွန်တော်တို့ထက် ပိုပြီးရိုးသားနေကြဦးမှာလဲ ... သေချာသွားပြီ ... ကျွန်တော်တို့ တကယ်ကို လိပ်ပြာလုံခဲ့တယ်ဆိုတာ။

ဘ၀မှာ ကြိုးစားစရာရှိတာထက်ပိုတဲ့ ကြိုးစားစရာတွေကရော မျှော်လင့်စရာတွေပဲလား ... မျှော်လင့်ချက်နဲ့ ကြိုးစားနေရမှာလား ကြိုးစားရင်းမျှော်လင့်နေရမှာလား ...

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်
အုံးခနဲပဲ ကျွန်တော် ဘာကိုမှ မမြင်တော့ဘူး ... မြင်မြင်သမျှက ဆံနွယ်ကောက်ကောက်လေးတွေချည်းပဲ ...

သေချာပေါက်စောင့်နေပေးပါဗျာ ....ကျွန်တော် အနာဂတ်ကိုလောင်းကြေးထပ်ပြီး ကြိုးစားမှာမို့လို့။



                                                                                                          အောင်ပြည့်(သမုတိ)
                                                                                                            ၁၆.၁၂.၁၂

No comments:

Post a Comment