တကယ်လို့များ
ကြယ်တွေနဲ့စကားပြောခဲ့ဖူးတဲ့ ဆယ်ကျော်သက်ညတွေ
ကျောခင်းတိုင်းထိုးထိုးနာတတ်တဲ့ မြီးညှောင့်ရိုးလေးအကြောင်းတွေ
ဘာနဲ့မှရင်ဘောင်မတန်းရဲခဲ့တဲ့ ကောလိပ်ကျောင်းသားခံယူချက်တွေ
မိသားစုဆီက ခွဲခွာသွားတဲ့ လက်ဆုံထမင်းစားပွဲလေးတွေ
ဒါတွေကို အရင်ဆုံး နံရံတွေမှာကပ်ထားမိမှာပါ
နာကျည်းမှုဆိုတာ သွေးသားထဲထည့်သိမ်းပြီး ကိုယ့်ကိုယ်ကို Troll ခဲ့တဲ့ နုပျိုမှုတွေပါပဲ။
သင်းကွဲငှက်တွေဆိုတဲ့သီချင်းတွေထဲက ခံစားလို့မရခဲ့တဲ့ ရက်စွဲတွေကို ဆွဲဆုပ်ပစ်မယ်
ရင့်ကျက်ခြင်းကို လမ်းဘေးစရိုက်နဲ့အတူတွဲသိမ်းလာတဲ့ အသိုက်မဲ့ကြိုးကြာရယ်ပါ
သူဘယ်ထိဆက်လက်ချီတက်ရဦးမလဲ ...
မတော်တဆကောက်ရဖူးတဲ့ ပိုက်ဆံအိတ်လေးတစ်လုံးကိုတောင် သံယောဇဉ်ကြီးခဲ့ဖူးတာပဲ
ချစ်ခြင်းရယ်သစ္စာတရား ဘာသာတရားရယ်ကို နေ့တိုင်းဦးမညွတ်ဖြစ်ပါဘူး
ရင်ဘတ်ထဲအသိမ်းလွန်နေလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ကျောတစ်ခင်းစာဆိုပေမဲ့ အရမ်းကိုအကျည်းတန်လွန်းတယ်
မလိုချင်တဲ့ အခွင့်အရေးတွေပဲ ထပ်ခါထပ်ခါ ပြန်ရနေတာ ....
သမိုင်းတွေနောက်ပြန်မလည်ပါရစေနဲ့တော့
လူငယ်တစ်ယောက်ရဲ့  အိပ်ယာကို ကိုယ်တိုင်ပြင်ဆင်ခွင့်ပေးပါ။
တိုက်ဆိုင်စွာ ၀င်တိုက်ခဲ့တဲ့ အရှေ့ မြောက်လေပါ ... ဘယ်အရပ်ကိုမှ မိုးမအုပ်စေချင်ဘူး
ခက်နေတာကဒီတစ်ကြိမ်ပြီးရင် ခွေးတိုးဝက်ဝင် အပြုံးတွေနဲ့ ထပ်ရင်မဆိုင်ချင်တော့တာပဲ
ရောက်ရာအရပ်ကနေ အမျှဝေပေးပါ ... ဘာကောင်းမှုမှ ပြုလုပ်မထားပါဘူး
သတ်မှတ်ချိန်ဟာ သတ် မှတ်ချိန်ဖြစ်သွားနိုင်ပါတယ် ...
အဲ့ဒီအခါ ယုံကြည်ချက်တွေ သေသွားမယ်
မျှော်လင့်ချက်တွေ သေသွားမယ်
အနာဂတ်တွေ သေသွားမယ် ... အရာအားလုံးသေသွားမယ်
ခံပြင်းတာက ဘာလို့ကျရှုံးခြင်းတွေ လိုက်မသေတာလဲ
တကယ်လို့များ ကိုယ်ဖမ်းဆုပ်ထားသမျှ စီတန်းပြီးစီးသွားခဲ့မယ်ဆိုရင်တော့
မိသားစုညစာစားပွဲလေးတွေကို သေချာအသက်သွင်းမိဦးမှာပါ
ကြယ်တွေကို ကျေးဇူးတင်ကြောင်းပြောမိဦးမှာပါ
ကျောခင်းထားတဲ့အိပ်မက်ကို တယုတယ နမ်းမိဦးမှာပါ
ဒါဟာ နောက်ဆုံးဖမ်းမိတဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မောင်အောင်ပြည့်
၁၅.၅.၂၀၁၃
No comments:
Post a Comment