Friday, March 21, 2014

အဆင့်မြင့် စပယ်ယာ



တံခါးစောင့်တယ် အဖွင့်အပိတ်လုပ်တယ်
လိုအပ်ရင်အော်ခေါ်ရတယ်
ခင်ဗျားကို လက်ညိုးတည့်တည့်ထိုးပြီး ခေါ်ချင်ခေါ်မယ်
သိုလှောင်ခန်းတစ်ခုကို သေချာအစီအစဉ်ချတတ်သူလို
အော်ရတယ် … ပြောရတယ်
ခင်ဗျားသိက္ခာကို ထိန်းပါ ဆန္ဒကိုလွှတ်ပေးထား
မိန်းမ၀၀ကြီးတစ်ယောက်တိုးဝင်သွားတယ်
ကောင်မလေးချောချောတစ်ယောက်တိုးဝင်သွားတယ်
မျက်လှည့်ဆရာတွေသုံးတတ်တဲ့ သေတ္တာတစ်ခုလိုပဲ
ခင်ဗျားတစ်ခုခုချင်းစီ အစီစဉ်တကျ ပြန်ထုတ်လို့ရသလိုမျိုးပေါ့
တစ်ချို့တွေက ပေကပ်နေတယ်
အဝေးကြီးသွားမယ်ဆို အထဲကို သေချာဝင်ရမယ်
ဒါမှ ခင်ဗျားကို ဟိုနားဒီနားတွေတိုးတာမခံရမှာ
ဂိတ်စတည်းက စီးမယ်ဆို နေရာရတယ်
ကျုပ်မှာက နေရာရှိပြီးသား
ကျုပ်ဝင်တိုးရင် ခင်ဗျားတို့မကျေနပ်ဘူးမလား
လူဆိုတာကိုယ့်နေရာနဲ့ကိုယ်နေရတယ်တဲ့
ဘယ်သူပေးသွားမှန်းမသိတဲ့ မှတ်တိုင်နာမည်တွေကို
ကျုပ်တို့ညီညီညွတ်ညွတ် လက်ခံကျင့်သုံးတယ်
ကျုပ်သိပါတယ် မရေးထားတဲ့ ဥပဒေတွေက ပိုမြဲတယ်ဆိုတာကို
ဥပမာ - ဂျင်ပေါက်သလိုမျိုး ၊ ထုတ်စီးတိုးသလိုမျိုးပေါ့
ပိုက်ဆံဆိုရင်လည်း လက်မှာသီးနေတာ
ခင်ဗျားတို့မြင်သလို မီးပွိုင့်ကလူတွေလည်းမြင်တယ်
ကျုပ်တို့က မတွန့်တိုပါဘူး ပွိုင့်မမိလည်း ပစ်ချခဲ့တာပဲ
သူတို့အထက်လူကြီးလာရင်တော့ ပစ်ချလို့မရတော့ဘူး
ခင်ဗျားကိုသူတို့ ချလံဆိုတာတွေပေးလိမ့်မယ်
စိတ်မပူနဲ့
ခင်ဗျားနောက်အပြစ်သုံးခုလောက်
ချလံပြပြီး ကျုးလွန်လို့ရတယ်
ဘယ်လိုပြောရမလဲ
ကျုပ်တို့ ဟိုအရေးအခင်းတုန်းက လမ်းပေါ်ထွက်လိုက်တာဟာ
သူတို့ကိုချလံပေးလိုက်တာနဲ့ သွားတူနေတာမျိုးပေါ့
ယူနီဖောင်းတော့ရှိပါတယ် … ကျုပ်တော့မ၀တ်ဘူး
တစ်ချို့လူကြီးတွေလည်း ယူနီဖောင်းမ၀တ်ကြတော့ဘူး
ကျုပ်ကနေရာတိုင်းသွားချင်တာ
ဒီနေရာကိုပဲ ထပ်တလဲလဲသွားနေရတာမျိုးကို
ငြီးငွေ့တယ်လေ
ကျုပ်က အသံကုန်အော်တယ်
တွေ့တဲ့သူတိုင်းကိုခေါ်တင်ချင်တယ်
ခုဆိုပိုကျယ်အောင်လို့
စပီကာအသေးကို လည်မှာချိတ် ၊
မိုက်အသေးစားကို နားရွက်မှာ ချိတ်
အဆိုတော်တွေ ကရင်းဆိုမယ်ဆို သုံးတဲ့ မိုက်လိုမျိုးပေါ့
ခင်ဗျားကို လက်ညိုးတည့်တည့်ထိုးပြီး ခေါ်နေတာ
ရောက်တယ် လိုက်မလား ။


























မောင်အောင်ပြည့်


















No comments:

Post a Comment