Friday, April 4, 2014

နှစ်ပတ်လည်

နှစ်ပတ်လည်

လက်ဖျားထဲ အနွေးဓါတ်တွေဝေ့နေ
ဒီဇင်ဘာဟာဘယ်လောက်အေးအေး
ကိုယ်တို့နွေးခဲ့တာ
ရှင်နဲ့ကျမကနေ
မောင် နဲ့ ချစ် 
နောက်ပြီး 
ဖေကြီးနဲ့မေကြီး
ဒီဇင်ဘာဟာ ဘယ်လောက်အေးအေး
ကိုယ်တို့နွေးခဲ့တာ
ချစ်ခြင်းမေတ္တာကို
နှစ်ဦးစလုံးမယုံကြည်ပါဘူး
ဒါပေမဲ့
ကိုယ်တို့ရူးရူးမိုက်မိုက်
ချစ်နေတုန်းမဟုတ်လား
လက်သည်းတွေလို
မသန့်တော့တဲ့အစိတ်ပိုင်းတွေ
ဖြတ်ထုတ် 
ရုပ်ဆိုးတဲ့ပုံစံတွေလှီးထုတ်
ကိုယ်တို့တစ်ယောက်လက်သည်းခွံမှာတစ်ယောက်
ဘ၀ပုံလေးတွေဆွဲရအောင်
ကိုယ့်ပုခုံးတစ်ဖက်လွတ်နေသလို
သူ့လက်တစ်စုံလည်းအေးနေမှာပဲ
ကိုယ်သိတယ်
ကိုယ်တို့ရင်ခွင်နှစ်စုံတော့
နွေးနေဖို့ လိုတယ်
ဘယ်လောက်အေးအေးပါ
ကဗျာတွေလည်းနှစ်ပတ်လည်ပြီ
နားလည်မှုတွေလည်းနှစ်ပတ်လည်ပြီ
ကိုယ်တို့ချင်း နွေးနွေးထွေးထွေး
သိမ်းပိုက်ဖို့
အလံတွေဖွက်မထားစေချင်ဘူး
တစ်ရက်ချင်းနီးဖို့
စာသားတွေသက်သေရှိပါတယ်
ယုံကြည်မှုဆိုတာ
ဘယ်လိုမှမျက်လှည့်ပြလို့မရဘူး
မိနစ်ကိုးဆယ်အကွာဆိုတာ
မောက်စ်တစ်ရွေ့စာပဲရှိတယ်ဆိုတာ
ယုံလား …
သူ့ခေါင်းပေါ်က လ နဲ့ 
ကိုယ့်ခေါင်းပေါ်က လ တူတူပဲ
မသေချာရင် ခုပဲမော့ကြည့်
ချစ်လားလို့
မေးလိမ့်မယ် 
မရှက်နဲ့ 
အကျယ်ကြီးအော်လိုက်
ကြားလား ကြားလား
ပြောစရာစကားမရှိတော့တာမဟုတ်ဘူး
အပြည့်အ၀နားလည်သွားတာ
အများကြီးမတွေးနဲ့
ယုံလိုက်
ကြည်လာလိမ့်မယ် 
ဒါ နှစ်ပတ်လည် 
ဆန်တာကလော့စ်ကို
ကိုယ့်ကိုယ်စားလွှတ်လိုက်တယ်
နွေးနွေးထွေးထွေးရှိပါစေ ။

မောင်အောင်ပြည့်
18.12.13

No comments:

Post a Comment