တောင်ပံခတ်သံ ၁၅၀၀
စိတ် တစ် ထမ်းထက် ကုန် တစ် ထမ်းကို ပို မက်တယ်--
ဟန်ဆောင် ရတဲ့ ပင်ပန်းခြင်းက ငါကို မြေကြီးထဲ ရိုက်သွင်းတယ် -
အချစ်တဲ့ --- ခါးကြားမှာ ဓါးထိုးပြီး အပြုံးနဲ့ နှုတ်ဆက်လာတယ်
ငါတို့နှစ်ယောက်ကြားထဲ မှန်ကွဲစတွေ ပိုစိတ်လာ --
နှလုံးသားတစ်စုံ ကြိုးစင်တက်သွားတယ် မေတ္တာတရားကို အယူခံဝင်ခွင့်မပေးဘူး --
ဥပက္ခာတွေထည့်ပြီး တစ်ချက်ထဲ ပစ်သွားတာ
ရင်ပွင့် မျက်ရည်တွေရဲ့ဈာပနက သိုသိုသိပ်သိပ် --
မျှော်လင့်ချက်တွေကို ခပ်တုံးတုံး သံတစ်ချောင်းနဲ့ တွဲရိုက်တယ်
နင်က နံရံထဲက အမှုန်စ တွေနဲ့ ပျော်ပွဲစား ထွက်လို့ --
မျှော်လင့်ချက်ရောင်စုံခဲ့တဲ့ စိတ်ကူးတစ်ခုက ပါးရည်နပ်ရည်မဲ့ခဲ့တဲ့ အတ္တတစ်စုံ အတွက်
လျော်ကြေးတစ်ခုကို အထီးကျန်မှုဆီကတောင်းတယ် --
ဒီလိုပဲဖုတ်ဖတ်ခါထွက်သွားတဲ့ ၀တ်တန်းကျေ မေးထူးခေါ်ပြောတွေနဲ့
မဆက်ဆံချင်လို့ ကိုယ့်စနက်တံကို ကိုယ်တိုင်မီးမြိုက်တယ် လှိုက်ခနဲ --
ရှိရင်းစွဲ မေတ္တာ လေးကို ဆွဲထုတ် --
သံယောဇဉ် တစ်စက်နဲ့လည်း ဘ၀ ကို ပွဲထုတ်လို့ ရတယ် --
အသည်းဆိုတာ ကွဲကြေဖို့ မှ မဟုတ်တာ --
ရှင်သန်ဖို့ ခွင့်ပြုခြင်းမခံရတဲ့ ပေါင်းပင်လေး တစ်ပင်ရဲ့ တွယ်ကပ် ရစ်ပတ်မှု တစ်ခုရယ်ပါ
ပန်းတကာ ပန်းထဲကမှ အရှင်းဆုံးနဲ့ အမွှေးဆုံး ပန်းကိုမှ နမ်းချင်မိတဲ့ လိပ်ပြာတစ်ကောင်ရဲ့ 
နိဂုံးကို နင်ကိုယ်တိုင်အဆုံးသတ်ပေးဖို့ ငါ့နှလုံးသား ၀တ်ဆံက တောင်းဆိုတယ် --
ကျေးဇူးပြုပြီးမြေရိုင်းထဲက မြေသြဇာတွေရဲ့ ဖွံ့ထွားကြီးပြင်းလိုစိတ်ကို အမှတ်ရပေးပါ နှင်းဆီ --
မှုန်ပြပြ ကြယ်တစ်ပွင့်ရဲ့ လင်းလက်တောက်ပချင်စိတ်ကိုအလေးနက်ထားပေးပါကောင်းကင် ။ ။
အောင်ပြည့် ( သ မု တိ )
27.8.2012 (00:45AM)
No comments:
Post a Comment