Friday, November 15, 2013

အလွမ်းက အလင်းပေါက်လေးတွေနဲ့

အလွမ်းက အလင်းပေါက်လေးတွေနဲ့


အကြောင်းအရာအားဖြင့် ထွက်လမ်းဟု
အစချီပြီးနောက် ...
အတိတ်၏ ဖြေသိမ့်ရာစံနှုန်းအားဖြင့်
အလွမ်းကို သီးသန့်ဆန်စွာ ထမ်းပိုးလာခဲ့ပါတယ် .....။

ကိုယ်စီလျှောက်လှမ်းခဲ့ဖြစ်သော.....
ချစ်ခြင်းများဖြင့် နုနယ် ကြေအက်နေသော .........
ညနေခင်းမြေနီလမ်းခွဲများမှ တွန်းပို့လိုက်သော သတိရစိတ် .............
တစ်ယောက်က တစ်ယောက်အပြန်လမ်းမှာ ရောက်ရောက်နေတာမျိုး ....

လက်တစ်စုံကြားက စို့တက်လာသည့်ချွေးစက်တွေကိုတောင်
လေစိမ်းတွေ ၀င်မတိုက်နိုင်ခဲ့ဘူးမဟုတ်လား ....
တစ်ယောက်မျက်လုံးကို တစ်ယောက် အဓိပ္ပ္ပ္ပါယ်ဖတ်
တစ်ယောက် ဝေဒနာကိုတစ်ယောက်တွဲ ...
တစ်ယောက်ပြဿနာ တစ်ယောက်ထမ်းလို့ ...
နားလည်ခြင်းဟုဆိုအပ်သော အမှုကိုကောင်းစွာ ထမ်းပိုးလာခဲ့ဖူးပါတယ်။

တစ်ရုံဝင်တစ်ရုံထွက်...
ချစ်ခြင်း၏ရမ္မက်နှင့်တောင့်တမှုများအားလည်း
နှစ်ဦးသား ရင်ဖိုစွာ .... ကြည်နူးစွာ ...
သိမှုအားဖြင့်ထိန်းသိမ်းမှုအရာမြောက် ကျူးလွန်ပျော်ပါးဖူး၏။
အထိအတွေ့ တပ်မက်ခြင်းဟုဆိုအပ်ရမည်ထက် ပို၍သော
သာယာမှု လိုက်လျောမှု ပွင့်လင်းမှု များဖြင့် နှစ်ဦးပေါင်းစည်း၍
လှပနေသည့် ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးအား ထပ်မံ၍ ခမ်းနားစေချင်ဖူးခဲ့သည်။

အလွဲအချော်များနှင့် မှားယွင်းမှုများ သီးပွင့်လာသည့် ရာသီတိုင်း
အပြုံးတွေကိုတပ်ဆင် ရင့်ကျက်ခြင်းကို ခေါင်းဆောင်ခိုင်းပြီး
စိတ်အား လွတ်လပ်ကျယ်ဝန်းသော နှစ်သိမ့်အားပေးခြင်းများဖြင့်ပင်
ဒါဏ်ရာရရာသီကိုအတူတကွ မောင်းနှင်ခဲ့ကြဖူးသည်ပဲ မဟုတ်လား။

ကံကြမ္မာတည်းဟူသော အခြင်းအရာနှင့် နာကျင်ခြင်းအမှုများအား
တစ်ဖန်ပြန်၍တမ်းတမိနေရသော စိတ္တဇ ငါသည်လည်း
အဘယ်သို့သော အကြောင်းတရားများ၊အချိန်ကာလများကြောင့်မျှ
မေ့ပျောက်မသွားသော ယင်းအခြင်းအရာအဖြစ်ပျက်များကို

မိုးရွာသည့် အခါတိုင်း၊နှင်းကျသည့်အခါတိုင်း၊မုန်တိုင်းကျသည့်အခါတိုင်း
ဆန္ဒပြသည့်အခါတိုင်း၊ပြက္ခဒိန်တစ်ခေါက်လှန်မိသည့်အခါတိုင်း၊
လိုင်းကားစီးသည့်အခါတိုင်း၊အင်းယားရောက်တိုင်း၊ကန်ဘောင်ရောက်တိုင်း၊
ဘွဲ့ နှင်းသဘင်တွေ့တိုင်း၊နာဖျားသည့်အခါတိုင်း၊ပျော်ပါးသည့်အခါတိုင်း၊
ဖုန်းနံပါတ်နှိပ်မိသည့်အခါတိုင်း
သတိရသည်ဆိုခြင်းထက် ပိုသော ..... ။


                                                             အောင်ပြည့် (သမုတိ)
                                                              22.11.2012

No comments:

Post a Comment