သွားလမ်းသာပြီးလာလမ်းဖြောင့်ပါလေစ
အခြေအနေတွေက ရှုပ်ထွေးနေပြီ ပက်ကြားအက် ကြမ်းပြင်ပေါ် ထတောက်တဲ့ရေပွက်လို
နီနီရဲရဲ ငရဲမီးလို လောက်မြိုက် မှောင်မိုက်နေပြီတဲ့ လမ်းကြီး လေကြီး ပေါ် အထမ်းကြီးထမ်းပြီး
မရမ်းသီးစားတဲ့ ဘုတ်ဆုံမ အာသာဝတီ ဘာညာဒေ၀ီတွေ အတွက် ညဟာ ၁၀ နာရီထက် မပိုဘူး
ခပ်လှမ်းလှမ်းက ငနဲကြီး သရဲကြီးထက် ခြောက်လို့ အမှောင်ကို ဟန်ဆောင်ကပ်ပြီး
မိုးလင်းပေါက် မုန့်ဟင်းခါးရောင်းတဲ့ ဘွားတော်ကိုကပ် သားတော်ကိုပင့်ချည် မြှောက်ချည်
ခြေမကိုခြေညိုးနဲ့ လိမ်နေတာမြင်တာနဲ့တင် တလှပ်လှပ်နဲ့ နုတယ် မခိုင်ဘူး သိပ်ရင်ခုန်လွယ်တာ
နှုတ်သီးစူတာလည်း ကဗျာလုပ်ဖို့ ရပ်ကွက်ကို မီးရှို့တာလည်း ကဗျာလုပ်ဖို့
ပိုစ့် ဆိုပြီးမြင်တာနဲ့ ပြေးဖက် အဖော်တန်းလန်းနဲ့ ထစ်ခနဲဆိုတန်းအထင်ကြီးပစ်လိုက်တာ
ဘယ်လမ်းမှမသွားဘူး ကိုယ့်လမ်းနဲ့ကိုယ် ကိုယ့်တာဝန်နဲ့ကိုယ် စိတ်တိုင်းကျမှုဟာ
ကိုယ့်စံနှုန်းပဲ မခေါ်နဲ့ မလိုက်ဘူး မလာနဲ့ မနေဘူး ပိုးဖြစ်မှတော့ ငရဲမီးကြောက်ဦးမလား
အာပဲ အာကြီးပဲ ဝေလိုက်ဖန်လိုက် နဲ့ ဖြစ်တောင်မဖြစ်သေးဘူး ဘူကြီးဆိုပြီး လိုက်သိမ်းနေတာ
ဒိုင်း ဒိုင်း ငါ ဗိုလ်အောင်ဒင်ပဲ ဘယ်သူမှ မကြောက်ဘူး သိတယ်
အရူးတစ်ကောင်ရဲ့ညစာဟာ စောက်သုံးမကျတဲ့ ဆုတောင်းပြည့်ခြင်းတွေပဲရှိမယ်
ဥပမာ ငါ့စာသားတွေ လိုက်မစဉ်းစားပဲ လိုက်ခ်တာမျိုး
ငါ့ အတွေးကို ငါတောင် လိုက်မမှီဘူး
လက်သည်းထဲက ဆွဲထုတ်ထားတဲ့ စိတ်ကူးကို မီးခိုးလိုမှုတ်ထုတ်ပစ်လိုက်တယ်
နံရံတစ်ခုလုံး ငါ့ မျက်နှာကျက် တစ်ခုလုံး
ပန်းခင်းတွေ မီးထောက်တောက်တာ ထိုင်ဟားနေတဲ့
အာဝါဒါးငှက်ကို အနုပညာအကြောင်း အသံထွက်ခိုင်းထားတယ်
ခုန်ပေါက်နေတဲ့ ငါ့လက်ချောင်းတွေ ငါ့သွေးသားတွေ
ဂျီးအလိမ်းလိမ်းကပ်နေတဲ့ ငါ့မျက်နှာနဲ့ ဘယ်လိုမှ မပတ်သက်ဘူး
ငါ့အရေးအသားဟာ ငါ့လက်ကွက်တွေပေါ်ပဲမူတည်တယ်
မောင်အောင်ပြည့်
No comments:
Post a Comment