Friday, March 21, 2014

ဒညင်းခွက်ကြော်

အစတစ်ခုဆွဲထုတ်ရင်မပြီးဘူး ပါပါရာဇီလို
အရည်နည်းနည်းရွှမ်းတယ် ကျွတ်ဆတ်ဆတ် နည်းနည်းနိုင်တယ်
အနံ့အားဖြင့် ရေစိုနေတဲ့ ဖယောင်းပုဆိုးလို
အရောင်ကတော့ ကိုယ်အားသန်သလိုကိုယ်မြင်ကြတာပဲ
စိတ်ဆိုးနေတဲ့အချိန် ချိုပြီး စိတ်ပျော်နေတဲ့အချိန် ချဉ်တယ်
ညဘက်ဆို ဘုရားပေါ်က စည်းလည်းသံထက် နည်းနည်းပို သာ တယ်
မနက်ပိုင်းမှာ စပယ်ယာတစ်ယောက်အသံနဲ့လည်းဆင်တယ်
မမှတ်မိဘူး
ခါးမှာချိတ်သွားရင် ကောင်မလေးတွေ စိတ်ဝင်စားတယ်
လည်ပင်းမှာဆွဲထားရင် ကောင်လေးတွေ စိတ်ဝင်စားတယ်
လက်ကောက်မှာပတ်ထားရင် အသက်ကြီးပိုင်းတွေ အကုန် သဘောကျတယ်
မျက်ခုံးကိုကျုံ့ပြီး မျက်လုံးကိုမှေးလိုက်တာ
နှုတ်ခမ်းကိုမဲ့ပြီးပါးကိုဖြဲလိုက်တာ
ကိစ္စတစ်ချို့က မပြောရင်ပိုကောင်းတယ်
ပြောရင်လည်း နားထောင်ကြမှာပဲ
မျက်ရည်ကိုမကြိုက်ဘူး ဆိုရင်
ပြုံးနေလေ ပြုံးနေ
နိုင်လား တော်လှန်ရေးဆိုပြီး ခွက်ထိုးခွက်လှန်
ဘာမှမရှိတဲ့ ခံစားချက်ကို အခြေခံတယ်
ခံစားချက်ပါတယ် ဘာမှမရှိတဲ့ခံစားချက်ပါတယ်
အိမ်ဖြူတော်ကိုယူတယ် နေပြည်တော်ကိုယူတယ်
နာဆာကိုခေါ်တယ်
တူတွေလည်းပါတယ် ကြယ်တွေလည်းတပ်တယ်
အရောင်တွေလည်း ခွဲတယ်
၂၄ နာရီတင်ဆက်တယ် လစဉ်ကြေးလည်းထားတယ်
အလကားလည်းဝေတယ်
ဆံပင်တစ်ချက်သပ်တင်ရင် လိပ်ပြာတွေ ထွက်ပြေးတယ်
ဒိုင်းနမိုက်တွေ ပေါက်ကွဲတယ်
ခါးနဲ့တင် နေရာတိတိကျကျကွဲတယ်
နောက်ပိုင်းအလှက တင်းတယ် ကားတယ်
စစ်တယ်
နိုးထမှုကို ခြောက်ခြားရင် အိပ်ယာတွေ မသိမ်းဘူး
ပန်းသီးကို ပန်းသီးလို့ မပြောတော့ဘူး
အလုအယက် ကောက်စားနေကြတယ်
သူများစီးမည့် ဖိနပ်ဆို သိပ်သဘောကျတာ
( သွားမစွပ်မိရင် ပြီးရော ကြိုက်တာကကြိုက်လို့ရတယ် )
လုစွပ်တော့ရော ဘာအရေးလဲ
လက်ဘက်ရည်ဆိုင်ဆို ခါးနာတယ်
ဘီယာဆိုင်ဆို ဗိုက်ပါတယ်
တချိန်လုံးတွေးခိုင်းတယ်
တချိန်လုံးအိပ်ခိုင်းတယ်
စာသားတွေလုပ်ပြီး စားရင် လူကြိုက်နည်းတယ်
အသိဥာဏ်တွေလုပ်ပြီး ခိုင်းရင် အာသာပြေတယ်
ဖဲရိုက်ရင်ထည့်ရိုက်လို့ရတယ်
ဂျိုကာတွေ နဲ့တွဲထားလို့လည်းရတယ်
Wifi ရှိတဲ့နေရာဆို Update လုပ်ခိုင်းတယ်
အရေးပေါ်အခြေအနေဆို ဧရိယာပြင်ပ
ကလပ်ထဲရောက်ရင် အရောင်အမြဲတောက်တယ်
လူများလာရင် လက်ပတ်နာရီကို ငုံ့ကြည့်တယ်
ဇာတ်ချိုးတယ် ရေနွေးကြမ်း သောက်တယ်
ငြင်းနေခုန်နေကြရင် အမြဲတမ်းပြုံးနေတယ်
အမြည်းတွေ အထပ်ထပ်မှာတယ်
ဘယ်လောက်သစ်မလဲ
ဘယ်လောက် အဟောင်းခံနိုင်မလဲ
အစွန်ဆုံးမှာ ရပ်လိုက်တယ်
အလယ်ကောင် မှာရောက်နေတယ်
မဖြေတဲ့သူက မှန်တယ်
ဖြေတဲ့သူက ကောက်ထိုင်လိုက်တယ်
နားလည်တဲ့သူက ရွေးကောက်ပွဲဝင်တယ်
နားမလည်တဲ့သူက မေတ္တာသုတ်ရွတ်တယ်

မောင်အောင်ပြည့်

No comments:

Post a Comment